ရိုးသားခြင်း၏ အခြားတစ်ဖက်မှာ

“အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်ခံနိုင်ဖို့ သိပ်အရေးကြီးတယ်။ စိတ်ချမ်းသာအောင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတာတွေ သူတစ်ပါးကို လှည့်စားတာတွေရှိတယ်။ အဲဒီလို လှည့်စားတာဟာ စိတ်ထဲမှာ ပဋိပက္ခဖြစ်စေတယ်။ ပဋိပက္ခဟာ စိတ်ဓာတ်အင်အားကို ကုန်ခမ်းစေတယ်။ လှည့်စားမှုထဲမှာပဲ အင်အားတော်တော်များများ ကုန်သွားပြီး အသိအမြင် ရှင်းလင်းမှု၊ လွတ်လပ်မှုရဖို့ အရေးမှာ သုံးစရာအင်အား မကျန်တော့ဘူး။ အမှန်ကိုလက်ခံဖို့၊ ကိုယ့်ကိုယ်ကိုယ်မညာဖို့၊ ရိုးသားမှုရှိဖို့ လိုတယ်။ ရိုးသားမှုရှိမှ အသိဥာဏ် ပွင့်မယ်”။

အထက်ပါ စာပိုဒ်လေးကတော့ မဟာမြိုင်ဆရာတော် ဦးဇောတိကရဲ့ ဗုဒ္ဓရင်ခွင်မှာဆိုတဲ့ တရားတော်ထဲက စာပိုဒ်လေးတစ်ခုပဲဖြစ်ပါတယ်။ ရိုးသားမှုရဲ့ ခိုင်းနှိုင်းဖွယ်မရှိတဲ့ အတုမဲ့ဂုဏ်ရည်တွေကို နေရာအတော်များများမှာ လူအတော်များများဆီက မကြာမကြာကြားရတာကြောင့် ကျွန်တော်တို့အနေနဲ့ နားရည်ဝလို့နေပါပြီ။ ရိုးသားခြင်းဆိုတာ မြင့်မြတ်တဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ ကိုယ်တိုင် ယုံကြည်လက်ခံကြပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်းပဲ ရိုးသားခြင်းဂုဏ်ကို ပိုင်ဆိုင်သူ တစ်ယောက်အဖြစ် အများတကာရဲ့ အသိအမှတ်ပြုမှုကို ရယူပိုင်ဆို လိုတတ်ကြစမြဲပါပဲ။ ရိုးသားခြင်း ဂုဏ်ကို မမြတ်နိုးသူရယ်လို့ ရှိနိုင်မယ်တောင် မထင်ပါဘူး။ အလွန်တရာ ကောက်ကျစ်ယုတ်မာသူ တစ်ယောက် ဖြစ်နေဦးတောင်မှပဲ ရိုးသားမှုဂုဏ်ကိုတော့ မြတ်နိုးမှာအမှန်ပါပဲ။ ကိုယ်ကိုယ်တိုင် မရိုးသားသည့်တိုင် ကိုယ်နဲ့ပေါင်းသင်းဆက်ဆံရတဲ့ သူများကိုတော့ ယုံကြည်ရတဲ့သူများ၊ ရိုးသားသူ များသာ ဖြစ်စေခြင်တဲ့ဆန္ဒဟာ ရိုးသားမှုကို လူတိုင်းမြတ်နိုးတယ်ဆိုတဲ့ စကားအတွက် ခိုင်မာတဲ့ သက်သေကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ရိုးသားခြင်းဂုဏ်ကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်ဖို့အတွက် ဆိုရင်တော့ အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်ခံဖို့ လိုပါလိမ့်မယ်။ အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်မခံနိုင်ပဲနဲ့တော့ ရိုးသားသူတစ်ယောက် ဘယ်နည်းနဲ့မှ ဖြစ်နိုင်မယ် မထင်ပါဘူး။ အမှန်အတိုင်း လက်မခံနိုင်သူတစ်ယောက်ရဲ့ နှုတ်ကထွက်လာတဲ့ ရိုးသားဟန် နှုတ်ထွက်စကားနဲ့ လုပ်ရပ်များဟာလည်း အယောင်ဆောင်ဟန်ပြ အတုအယောင်များသာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ အမှန်အတိုင်း လက်ခံနိုင်ဖို့ ဆိုတာကလည်း အပြောလွယ်သလောက် လက်တွေ့ပိုင်းမှာ ခက်ခဲလှပါတယ်။ စိတ်အားသတ္တိ ပျော့ညံ့ သူတို့ အနေနဲ့ဆိုရင် လိုက်နာနိုင်ဖို့ အင်မတန်ခဲယဉ်းမှာပါ။ ခဲယဉ်းပေမယ့်လည်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုအတွက် နည်းမှန်လမ်းမှန် ကြိုးစားယူရင် ရနိုင်သလို၊ စိတ်အားသတ္တိ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ယူရင် ရနိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ တတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အချိန်ပေး လေ့လာအားထုတ်မှု နည်းတာကြောင့် စိတ်အားသတ္တိများကလည်း ဖွံ့ဖြိုးမှု နည်းပါးရခြင်းပဲ ဖြစ်ပါတယ်။ စိတ်အားသတ္တိ ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးနည်းကတော့ စိတ်ရဲ့အခြေအနေမှန်ကို နားလည်အောင် ကြိုးစားခြင်းပဲ ဖြစ်ပါတယ်။ စိတ်အခြေအနေမှန်ကို နားလည်ဖို့အတွက် စိတ်ကိုစောင့်ကြည့် လေ့လာအကဲခတ်ဖို့ လိုပါလိမ့်မယ်။

ကျွန်တော်တို့တတွေအနေနဲ့ ကိုယ့်စိတ်အခြေအနေမှန်ကို နားလည်အောင် ကြိုးစားမှု ပြုလုပ်လေ့ နည်းတာကြောင့် ကျွန်တော်တို့စိတ်အပေါ် ကျရောက်လေ့ရှိတဲ့ ဘေးအန္တရာယ်များကိုလည်း မသိမြင်နိုင် ကြပါဘူး။ ဘေးအန္တရာယ်များ ကျရောက်နေတာကို မသိတဲ့အတွက် ကုစားဖို့ဆိုတာကိုလည်း မသိပြန်ပါဘူး။ ကြိုတင်ကာကွယ်နည်းနဲ့ ကုစားသူဆိုတာကတော့ အတော်ပဲနည်းပါးပါတယ်။ အဲဒီလို ဘေးအန္တရာယ်များကို ကုစားမှုမပြုခြင်း၊ ကြိုတင်ကာကွယ်မှု မပြုခြင်းကြောင့် ဒဏ်ရာအနာတရများနဲ့ ညစ်ထေးနေတဲ့စိတ်ဟာ ခံနိုင်ရည်စွမ်းရည်နဲ့ ထက်မြက်မှုသတ္တိအင်အားတို့ နည်းပါးမှာအမှန်ပါပဲ။ စိတ်အားသတ္တိနည်းပါးနေပါလျှင်လည်း လူတစ်ယောက်အတွက် မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး အရေးသုံးပါးကြောင့်ဖြစ်စေ၊ အခြားအခြားသော အခြံအရံလိုအပ်ချက် တစ်ခုခုကြောင့် ဖြစ်စေ၊ အခြေအနေတစ်ခုက တောင်းဆိုလာတဲ့ အခါမှာ အဲဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရိုးသားမှုဂုဏ်သိက္ခာကို အလွယ်တကူ စွန့်လွှတ်တတ်ကြပါတယ်။

အထူးသဖြင့်တော့ လူ့ပတ်ဝန်းကျင်က ပြဌာန်းသတ်မှတ်ထားတဲ့ အနှစ်မဲ့ဂုဏ်သိက္ခာ တစ်ခုကို ရယူပိုင်ဆိုင် နိုင်ဖို့အတွက် သဘာဝကသတ်မှတ်ထားတဲ့ တကယ့်အစစ်အမှန် အနှစ်ပြည့် ဂုဏ်သိက္ခာများနဲ့ အလွယ်တကူလဲလှယ် အစားထိုးကြခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်က သတ်မှတ်ချက် ဂုဏ်သိက္ခာများ တောက်ပြောင်လာလေ တစ်ဖက်မှာတော့ စစ်မှန်တဲ့ သဘာဝဂုဏ်သိက္ခာများ ဆုတ်ယုတ်ညစ်နွမ်းလေ ဖြစ်ရတာကတော့ အလွန်မှပဲ ၀မ်းနည်းဖွယ် ကောင်းလှပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်မှာ အစစ်အမှန် ဂုဏ်အရည်အသွေးများ နည်းပါးလာတာနဲ့အမျှ အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်ခံဖို့ ဖြစ်နိုင်ခြေ နည်းပါးသွားပါတော့တယ်။ အဖြစ်မှန်တွေကို အမှန်အတိုင်း လက်မခံနိုင်သူတစ်ယောက် ဖြစ်လာတာနဲ့ အမှန်တရားကို ကြောက်ရွံ့မှုစိတ် များဟာလည်း တစ်ပါတည်း ပူးတွဲပါဝင်လာပါတော့တယ်။ ကြောက်ရွံ့သူတစ်ယောက်ဟာ အားကိုးရာ၊ ပုန်းခိုရာ ကို ရှာဖွေတတ်တာကလည်း သဘာဝပဲဖြစ်ပါတယ်။ အားကိုးရာကို ရှာဖွေရာမှာ ကိုယ်အားကိုးမှီခိုရမည့်သူရဲ့ အများအပေါ် တရားမှု မတရားမှု (သို့) ရိုးသားဖြောင့်မတ် တည်ကြည်မှု ရှိ၊ မရှိကိုပင် ဂရုပြု မနေနိုင်တော့ပဲ ကိုယ့်အတွက် အကျိုးအမြတ် ရနိုင်မှု၊ မရနိုင်မှုလောက်ကိုပဲ ကြည့်ရှုတတ်ကြပါတယ်။

ပုန်းခိုရာကို ရှာရာမှာလည်း ကိုယ့်ကိုယ်ကိုယ် ဖုံးကာနိုင်တဲ့ လုံခြုံရာတစ်ခုခုကို ရှာဖွေခြင်းနဲ့ ကြည့်တတ် သူများ မမြင်နိုင်အောင် အမြင်အာရုံများ မှုန်မွှားသွားအောင် ပြုလုပ်ခြင်း စတဲ့ နည်းမျိုးစုံ အသုံးပြု လာတတ် ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖုံးကာနိုင်တဲ့ လုံခြုံရာတစ်ခုခုကို ရှာဖွေရာမှာ သူတစ်ပါးထံမှာရှိနေတဲ့ ဂုဏ်သိက္ခာ အဖုံးအကာကို မတရားသောနည်းနဲ့ရယူပြီး မိမိရဲ့အကြောက်တရားကို ဖုံးကာဖို့ ကြိုးစား တတ်ပါသေးတယ်။ တစ်ချို့ကတော့ လုံခြုံနိုးနဲ့ အသာလေး ခေါင်းလျှိုလို့ နေတတ်ပါတယ်။ ရန်သူမြင်မှာစိုးတာကြောင့် သဲထဲကို ခေါင်းလျှိုပြီးနေတတ်တဲ့ ကန္တာရနေ ( Ostrich ) ငှက်ကုလားအုပ်လို ပုဂ္ဂိုလ်မျိုးတွေပေါ့။ ကိုယ်က အပြင်လောကကို မမြင်နိုင်ယုံမျှနဲ့ တစ်ပါးသူတွေလဲ ကိုယ့်လိုပဲ မမြင်နိုင် လောက်ပါဘူးရယ်လို့ တွေးထင်ယူဆမိတဲ့ သဘောပါ။ နောက်ပြီး တစ်ပိုင်းတစ်စကို လုံအောင်ဖုံးကာ နိုင်ပေမယ့် ကျန်တဲ့အပိုင်းက လှစ်ဟပြထားသလို ဖြစ်နေတယ်ဆိုတာကိုတောင်မှ သတိမမူနိုင်တဲ့အထိ ဖြစ်သွားတတ်ပါသေးတယ်။

တစ်ချို့ကတော့ ကိုယ့်ကိုယ်ကိုယ် ပုန်းခိုရာမရှာပဲ တစ်ပါးသူများရဲ့ အမြင်အာရုံများ ပြောင်းလဲ သွားအောင်၊ အမြင်များ မှုန်ဝါးဝေသီသွားအောင် မတရားနည်းနဲ့ ဖန်တီးပြုလုပ်တတ်ပါတယ်။ တစ်ပါးသူ များရဲ့ စွမ်းအားအမှန်တွေကို မတရားနည်းနဲ့ ချိနဲ့သွားအောင် လုပ်ကတည်းကိုက အမှန်တရားဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ စွမ်းအားသတ္တိ ခိုင်မာသူတို့ တစ်နည်းအားဖြင့် ကိုယ်ခံစွမ်းအား ကောင်းသူတို့က အမှန်တရားနဲ့ တစ်သားတည်း ဖြစ်နေတာကြောင့် အမြင်စွမ်းအားများ ထက်သန်နေတယ်။ ကိုယ့်ရဲ့ ဖန်တီး လှုံ့ဆော် ပြောင်းလွဲစေမှုများ အရာမထင် ဖြစ်နေတယ်ဆိုရင် ကိုယ့်အလိုကျ မဖြစ်ရကောင်းလားလို့ မလိုစိတ်ထား ဖြစ်တတ်ပါတယ်။ ဒီအခါမှာ ဆန့်ကျင်ဖက် ပဋိပက္ခတရားဟာ အထင်အရှား ပေါ်လာ တတ်ပါတယ်။

ပဋိပက္ခဖြစ်လာတာနဲ့ ကိုယ်နဲ့အယူအဆ မတူသူကအမှား၊ ကိုယ့်ဖက်တရားက အမှန်ရယ်လို့ ဘက်မမျှ တဲ့ စိတ်ထားများလည်း ပေါ်လာပါတယ်။ တစ်ဆင့်တက်လို့ ကိုယ့်ဖက်တရားက အမှန်ဆိုတာ သက်သေ ထူဖို့ ကြိုးစားပါတော့တယ်။ သက်သေထူဖို့ ကြိုးစားရာမှာလဲ ကိုယ်ဖြစ်စေချင်တဲ့ ကိုယ့်လိုအင်ဆန္ဒကို ထောက်ကူပေးမယ့် ပုဂ္ဂိုလ်မျိုးနဲ့ ကိုယ့်အယူအဆနဲ့ ညီမျှတဲ့တရားမျိုးတွေကိုသာ သက်သေအဖြစ် ခေါ်ယူတာကြောင့်လည်း ကိုယ့်ရဲ့အယူအဆတရားသာ အမှန်ဆိုတဲ့ သဘောဟာ ခိုင်မာသထက် ခိုင်မာ စေပါတော့တယ်။ ဒီအချိန်မှာတော့ လှည့်စားမှု တရားများကလည်း အထွတ်အထိပ်ကို ရောက်ရှိလာပါ တော့တယ်။ အစပထမမှာတော့ ပတ်ဝန်းကျင်အများအပေါ် လှည့်စားပြီး တစ်ဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ် ကိုယ်ပါ မသိမသာ ပြန်လည်လှည့်စားလာပါတော့တယ်။

သူတစ်ပါးကို လှည့်စားခြင်းဟာ အလွယ်တကူ ပြေပျောက်နိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် လှည့်စားမှု ကတော့ လွယ်လင့်တကူ ပြေပျောက်ဖို့ ခဲယဉ်းလှပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေအမျိုးမျိုးပေးပြီးလည်း နေတတ်ပါတယ်။ ဘယ်လောက်အထိ ဖြစ်သွားနိုင်သလဲဆိုရင် အမှန်တရား အရိပ်အယောင်လမ်းစကို တွေ့ရတာတောင် မထူးတော့ပါဘူးလေဆိုတဲ့ မထူးဇာတ်ခင်းတဲ့ အနေအထိ ဖြစ်သွားတတ်ပါတယ်။ ဒီအခြေအနေမှာတော့ “ဆေးကု၍မရပါ” ဆိုတဲ့ အနေအထားမျိုးမို့ မဖောက်ပြန်တဲ့ လောကနိယာမအရ သဘာဝတရားရဲ့ ပြတ်သားစွာ ဒဏ်ခတ်မှုကို မလွဲမသွေ ခံရပါလိမ့်မယ်။

အမှန်တကယ် ဖြစ်နေတာတွေကို အမှန်အတိုင်း လက်မခံနိုင်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုး များကတော့ ပြော၍ကုန်နိုင်ဖွယ် မရှိသလို အလွန်မှလဲ ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းလှတာကို မကြာခဏဆိုသလိုပဲ စဉ်းစားနေမိတတ်ပါတယ်။
လူသားအားလုံး ရိုးသားနိုင်ကြပါစေ။

( “အရှင်ဥာဏိကာဘိဝံသ” ရဲ့ ရိုးသားခြင်း၏ အခြားတစ်ဖက်မှာ . . . ဆောင်းပါးမှ )

0 comments: