ကမ္ဘာမြေကြီးငြိမ်းချမ်းပါစေ

မဟတ္တမဂန္ဓီရဲ့စကားကို “ဒီကမ္ဘာလောကကြီးဟာ လူသားတို့ရဲ့ (အမှန်တကယ်ရှိသင့်တဲ့) လိုအပ်ချက်အတွက် ပြည့်စုံလုံလောက်ပေမယ့် လူသားတို့ရဲ့ (မတရား) ရယူပိုင်ဆိုင်လိုမှု အပိုလောဘ အတွက်တော့ ပြည့်စုံနိုင်ပေလိမ့်မယ် မဟုတ်ပေဘူး” လို့ ဆီလျော်အောင် ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ ဂန္ဓီရဲ့ ဒီစကားလေးဟာ တိုတောင်းပေမယ့် အဓိပ္ပါယ်အနေနဲ့တော့ အလွန်မှပဲ ရှည်လျားလှပါတယ်။ မြေပြင်မှာပဲဖြစ်ဖြစ်၊ ရေပြင်မှာပဲဖြစ်ဖြစ် ဟိုး ... အထက်ဝေဟင်မှာပဲဖြစ်ဖြစ် လူသားတို့နေထိုင်ရာ ဟောဒီကမ္ဘာကြီးဟာ ဆိုင်ရာဆိုင်ရာ အလှတို့နဲ့ ပြည့်ဝကုံလုံလှပါတယ်။ ကျွန်တော်တို့ လူသားတွေ ထုတ်ယူသုံးစွဲလို့ မကုန်နိုင်လောက်အောင်ကိုပဲ သယံဇာတ သဘာဝ အရင်းအမြစ်တို့နဲ့လည်း ပြည့်စုံလှပါတယ်။ ကျွန်တော်တို့တစ်တွေရဲ့ လိုအပ်ချက်သာ အတိုင်းအတာ ရှိမယ်ဆိုရင်ဖြင့် မိခင်ကမ္ဘာကြီးရဲ့ သဘာဝလက်ဆောင်တွေဆိုတာ ကျွန်တော်တို့အတွက် ပိုလျှံလို့နေဦးမည်သာ ဖြစ်ပါတယ်။

သို့ပေမယ့် သက်ရှိသတ္တမျိုးနွယ်စုထဲမှာ ဥာဏ်ရည်ဥာဏ်သွေး အမြင့်မားဆုံး စွမ်းရည် အမြင့်မားဆုံးရယ်လို့ မှတ်ယူထားတဲ့ ကျွန်တော်တို့ လူသားတို့ရဲ့ အဆင်ခြင်မဲ့ ရယူပိုင်ဆိုင်လိုမှု များကြောင့် ကျွန်တော်တို့ မိခင်ကမ္ဘာကြီးအနေနဲ့ ပေးဆပ်၍ မလောက်နိုင်လောက်အောင်ကိုပဲ ဖြစ်နေခဲ့ရပါတယ်။ အထူးသဖြင့်တော့ တစ်မိပေါက် တစ်ယောက်ထွန်းဆိုတဲ့ စကားလေးလို တစ်ခါတစ်ခါမှာ ဂြိုဟ်ကောင်အနေနဲ့ ပေါ်လာတတ်တဲ့ သားဆိုးသားမိုက်များကြောင့် ကျွန်တော်တို့ မိခင်ကမ္ဘာကြီးဟာ ဒဏ်ရာအနာတရာတွေနဲ့ အမြင်မလှအောင် ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ မိခင်ကမ္ဘာကြီး သွေးညှီနံ့လွှမ်းခဲ့ရသလို ယမ်းနံ့ မီးခိုးနံ့တွေလည်း သမ်းခဲ့ရပြန်ပါတယ်။ ထာဝရအလှတွေ ပျက်ပြုန်းခဲ့သလို သဘာဝအလှတရားတွေ ဆိုတာလည်း မကြာခဏဆိုသလို ဘုန်းဘုန်းလဲခဲ့ရပြန်ပါတယ်။ ခြေပြတ်သူပြတ်၊ လက်ပြတ်သူပြတ် အစာငတ်သူငတ်နဲ့ ဘ၀ဇာတ်မလှဖြစ်ခဲ့ရသူတွေ တောင်လိုပုံနေခဲ့သလို သားပျောက်တဲ့မိခင် ရင်ခွင်မဲ့တဲ့သား ခိုကိုးရာမဲ့ အဖိုးအဖွားများရဲ့ ဆိုးရွားလှတဲ့ သဘာဝအခြေအနေတွေကို မိခင်ကမ္ဘာကြီးဟာ နာကျည်းကြေကွဲစွာနဲ့ အမြဲသာ တွေ့ကြုံနေခဲ့ရပါတယ်။

နယ်မြေချဲ့ထွင်လိုမှုတွေ တန်ခိုးအာဏာကျယ်ပြန့်လိုမှုတွေကြောင့် စစ်ပွဲကြီးတွေအလီလီ ဒီကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့သလို မိမိတန်ခိုးအာဏာတည်မြဲရေး၊ မိမိရဲ့အသိုက်အအုံလေးတစ်ခု ကောင်းစားရေးကို ဦးစားပေးလွန်းသူများကြောင့် စတေးပေးဆပ်ခဲ့ရတဲ့ အသက်သွေးချွေးပေါင်းများစွာ ဆိုတာလည်း မရေတွက်နိုင်လောက်အောင် များခဲ့ပါပြီ၊ မတရားရယူပိုင်ဆိုင်လိုမှု တန်ခိုးပါဝါချဲ့ထွင်လိုမှု မိမိအာဏာ တည်မြဲလိုမှု စတဲ့ စတဲ့ လောဘတရားတွေ၊ အာဏာပါဝါပြလိုခြင်း၊ ခက်ထန်မာကြောခြင်း၊ အမျက်ဒေါသ ပြင်းထန်ခြင်းစတဲ့ အကြမ်းစား အမျက်ဒေါသတွေနဲ့ မိမိရဲ့ လက်ရှိအခြေအနေကနေ လျောကျသွားမှာ စိုးရိမ်ခြင်း၊ တစ်ခုခုကို တွေးတောကြောက်ရွံ့ခြင်း စတဲ့ အငုံ့ဒေါသ အကျဒေါသတွေ၊ အမှန်တရားကို ဖုန်းကွယ်ခြင်း၊ အမှားကိုအမှန်ရယ်လို့ မြင်လာအောင် ဖန်တီးတတ်တဲ့ မောဟတရားတွေနဲ့ ငါနဲ့ငါသာ နှိုင်းစရာ ငါ့သာငါပြင် ဘယ်မမြင် စတဲ့ မာန်မာနတရားဆိုးတွေရဲ့ စိုးမိုးခြယ်လှယ် အနိုင်ယူမှုတွေကြောင့် ကျွန်တော်တို့ရဲ့ မိခင်ကမ္ဘာကြီးဟာ နလံမထူနိုင်အောင်ကိုပဲ ဖြစ်နေရပါတယ်။

သာမာန်ကြည့်ရင် ကမ္ဘာလောကကြီး ဒဏ်ရာအနာတရတွေနဲ့ ဗရပွဖြစ်နေအောင် ဖန်တီးတတ်သူဟာ လူသားဆိုတဲ့ ပုဂ္ဂိုလ်တွေပဲရယ်လို့ ထင်မြင်စရာရှိပေမယ့် တကယ့်နံပါတ်တစ် လက်သည်တရားခံတွေ ကတော့ အဲဒီလူသားတွေရဲ့ သန္တာန်မှာ ကိန်းတည်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနစတဲ့ တရားဆိုးတွေပဲ ဖြစ်ပါတယ်။ လူသားတို့ရဲ့ရင်ထဲ ဒီတရားဆိုးတွေ စိုးမိုးခြယ်လှယ် အနိုင်ယူနေသမျှ ကျွန်တော်တို့ရဲ့ ကမ္ဘာဟာ ဘယ်သောအခါမှာမှ အပြည့်အ၀ ငြိမ်းချမ်းသာယာ လှပနိုင်မယ် မဟုတ်ပါဘူး။

ရှက်စရာကိုရှက်တတ်၊ ရွံ့စရာဆိုရွံ့တတ်တဲ့ ဟီရိသြတ္တပ္ပဆိုတဲ့ လောကပါလတရားတွေနဲ့ စာနာခြင်း၊ ညှာတာထောက်ထားခြင်း၊ ရိုင်းပင်းကူညီခြင်း၊ တစ်ဦးအပေါ်တစ်ဦး နားလည်ခွင့်လွှတ်နိုင်ခြင်း စတဲ့ ဗြဟ္မစိုရ်တရားတွေ ကျွန်တော်တို့ရဲ့ သတ္တလောကဆိုတဲ့ လူသားကမ္ဘာမှာ တိုးတက်ထွန်းကားလာပါမှ မိခင်ကမ္ဘာဆိုတဲ့ သြကာက လောကကြီးလည်း ငြိမ်းချမ်းစွာ ဆက်လက်ရှင်သန်ခွင့် ရှိနိုင်မှာပါ။ ဒီတော့ ကျွန်တော်တို့တစ်တွေအနေနဲ့ ဘယ်သူတွေပဲ တရားပျက်ပျက် ကိုယ်တရားမပျက်မိစေဖို့ကိုတော့ စောင့်ထိန်းကြိုးစားကြရမှာပါ။ ဒီလိုမှမဟုတ်ပဲ ချော်လဲရောထိုင်သဘောမျိုး၊ အများမိုးခါးရေသောက်ရင် ကိုယ်လည်းသောက်ရမှာပေါ့ဆိုပြီး မကောင်းမှန်းသိလျက် ဇွတ်မှိတ်လက်သင့်ခံ လိုက်နာမှုမျိုးကတော့ ကျွန်တော်တို့ မိခင်ကမ္ဘာကြီး တိုးတက်ကောင်းမွန်စေဖို့အတွက် ဘယ်လိုမှ အထောက်အပံ့ ဖြစ်နိုင်မယ် မဟုတ်ပါဘူး။

အထူးသိထားဖို့လိုတာကတော့ မကောင်းဒဏ်ပဲဖြစ်ဖြစ်၊ ကောင်းကံပဲဖြစ်ဖြစ် အချိန်တန်ရင်တော့ ပြုသူထံ ပြန်လာစမြဲပါ။ မတရားသော ရယူပိုင်ဆိုင်မှုတွေအတွက် ပေးဆပ်ရမည့်အလှည့်မှာ သဘာဝဓမ္မရဲ့ စီရင်ချက်ဟာ ဖောက်ပြန်ရိုးမရှိတဲ့ သူ့တရားအတိုင်းသာပဲ ဖြစ်လေမှာပါ။ တကယ့် သဘာဝနယ်ပယ်မှာ ရာထူးအာဏာ စည်းစိမ်ဥစ္စာတို့ရဲ့ မျက်နှာကြီးငယ်ဆိုတာ ဘယ်လိုမှ နေရာရနိုင်မှာ မဟုတ်ပါဘူး။ နိုင့်ထက်စီးနင်း ကြီးနိုင်ငယ်ညှင်း အားရှိအားမဲ့ ပြုမူချက်တွေရဲ့ နောက်ဆက်တွဲ ဒဏ်ချက်တွေဟာ အလိုအလျောက် ကြေပျောက်သွားလေမှာ မဟုတ်တာလည်း သေချာလှပါတယ်။ ဖြစ်တည်ခိုက်ဘ၀ တကယ့်တကယ် စဉ်းစားကြည့်ပါရင် တိုတောင်းလှတဲ့ဘ၀ ဒီမပြောပလောက်တဲ့ အချိန်ကာလလေး အတွင်းမှာ ပတ်ဝန်းကျင် ကမ္ဘာလောကအတွက် အလှမခြယ်သနိုင်သည့်တိုင် အရုပ်ဆိုးအကျည်းတန်စေမဲ့ အဖြစ်မျိုးကိုတော့ မပြုလုပ်မိစေဖို့ အထူးပင် လိုအပ်လှပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ရယူပိုင်ဆိုင်လိုမှုတွေဟာ အနည်းနည်းအဖုံဖုံ ကွဲပြားခြားနားမှာတော့ အမှန်ပါပဲ။ အကြောင်းအရာ အသွင်သဏ္ဌာန်ကွဲပြားသလို အတိုင်းအတာပမာဏလည်း ကွဲပြားလေမှာပါပဲ။ ရုပ်ဝတ္ထုတွေ ဖြစ်နိုင်သလို အသွင်သဏ္ဌာန်မရှိတဲ့ အရာမျိုးတွေလည်း ဖြစ်နိုင်တာပါပဲ။ သို့ပေမယ့် ကန့်သတ်ဘောင်မဲ့ အတိုင်းအတာမျိုးနဲ့ မပြီးဆုံးနိုင်တဲ့ အနည်းနည်းအဖုံဖုံမျိုး မဖြစ်နိုင်တော့ အမှန်တကယ် လိုပေလိမ့်မယ်။ ဒီလိုမှ မဟုတ်ပဲ မိခင်လောကကြီးရဲ့ လက်ဆောင်ပဏ္ဏာ အားလုံးဟာ တစ်ဦးတစ်ဖွဲ့တည်းပိုင်သာ ဖြစ်ရကောင်းနိုင်စေဖို့ ကြိုးစားခဲ့မယ်ဆိုရင်ဖြင့် အဲ ... ကြိုးစားသွားကြမယ် ဆိုရင်ဖြင့် ဂန္ဂီရဲ့စကားလို အဲဒီလို ပုဂ္ဂိုလ်မျိုးတွေအတွက် ဒီကမ္ဘာလောကကြီးဟာ ဘယ်သောအခါမှာမှ လောက်ငပြည့်စုံနိုင်လိမ့်မယ် မဟုတ်ပေဘူး။ နောက်ပြီး အဲဒီလို ပုဂ္ဂိုလ်မျိုးတွေနဲ့ မကင်းနိုင်စကောင်းစွာ တွေ့ကြုံနေရဦးမယ့် ကျွန်တော်တို့ရဲ့ လူသားမျိုးနွယ်စု သတ္တမျိုးနွယ်စု တစ်ခုလုံးလည်း အစဉ်ထာဝရ ဆုံးရှုံးပျက်ပြားနေမှုကြီးတစ်ခုရဲ့ ပုံရိပ်အသွင်အပြင်ကြီးသာ ဖြစ်နေဦးတော့မှာ မလွဲပါဘူး။

ဒီတော့ လောဘ ဒေါသ မောဟနဲ့ အတ္တမာန်မာန စတဲ့ တရားဆိုးတွေ၊ ငြူစူစောင်းမြောင်း မနာလို ၀န်တိုမှု ဣဿမစ္ဆရိယ စတဲ့ တရားဆိုးတွေ၊ အဆုံးစွန် မပယ်သတ်နိုင်သေးသည့်တိုင် နည်းပါးသထက် နည်းပါး သွားလေအောင် စောင့်စည်းထိန်းသိမ်းရမယ့် လူ့ကျင့်ဝတ်တရားတွေကို စောင့်စည်းထိန်းသိမ်းရ ကောင်းမှန်း သိနိုင်ကောင်းတဲ့ ဟီရိ သြတ္တပ္ပဆိုတဲ့ လောကစောင့်တရားတွေ ထွန်းကားရလေအောင် မေတ္တာ ဂရုဏာ မုဒိတာနဲ့ တကယ့်စစ်မှန်တဲ့ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ ပြန့်ပွားရလေအောင် ကျွန်တော်တို့ ၀ိုင်းဝန်းကြိုးစားသွားကြဖို့ လိုပေလိမ့်မယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ထူးခြားတဲ့ သင်္ကေတဟာ သန့်ရှင်းစင်ကြယ်မှု လေးစားမြတ်နိုးဂုဏ်ယူဖွယ် အမှုမျိုးသာဖြစ်စေဖို့ တတ်နိုင်သမျှ ကြိုးစားသွားကြရမှာပါ။

နိဂုံးချုပ်အနေနဲ့ မကောင်းကျိုးဆောင်တရားတွေနည်းပါး၊ ကောင်းကျိုးဆောင်တရားတွေ တိုးတက် ထွန်းကားလာတာနဲ့အမျှ ငြိမ်းချမ်းသာယာလှပတဲ့ ဘ၀လေးတွေကို အသီးသီးပိုင်ဆိုင်ရရှိကြမှာ မလွဲသလို အရာရာလောက်င ပြည့်စုံတဲ့ကမ္ဘာကြီးတစ်ခုကို လိုအပ်ချက်မယ့် ကမ္ဘာကြီးတစ်ခုကို ကျွန်တော်တို့ (သို့မဟုတ်) ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေအနေနဲ့ အမှန်ပဲ တွေ့မြင်ကြရပါလိမ့်မယ်။

( “ဥာဏ်ဦးမောင်” ရဲ့ ကမ္ဘာမြေကြီးငြိမ်းချမ်းပါစေ ... မှ )

0 comments: