Childhood ...


Read More...

အမည်သညာခေါ်စရာကား . . .

ကျွန်တော့် ဘလော့အမည်နှင့် ပတ်သက်၍၊ လိုဂိုပုံနှင့်ပတ်သက်၍ ဂျေ ကဤသို့ ပြောပါသည်။ “အောင်ပင်လယ် ဆိုလို့ သွားပါတယ်ဗျာ ရေလဲမတွေ့  လှိုင်းလဲမတွေ့  ခရု ဂဏန်း ဇင်ယော် အုန်းသီး ကျောက်ဆောင်မတွေ့ ဘာဆို ဘာမှ ပင်လယ်နဲ့ဆိုင်တာ မတွေ့ရဘူး။ တွေ့လိုက် ရတာက ထောပတ်သီးကြီး။ ပြီးတော့ တင်းနစ် ဘောလုံးကို ထောပတ်သီးထဲ မြုပ်ထားသေး။” Mr. Thinker မှလည်း ဤသို့ ဆိုပါသည်။ “ဟုတ်ပ . . . နာမည်ကြားတုန်းက ပင်လယ်ကမ်းခြေ ပြေးမြင်ထားတာ အသီးကြီးနဲ့ တိုးခဲ့တယ်။” သူတို့ပြောသလို ဟုတ်တော့လည်း ဟုတ်ပါသည်။ ထို့ကြောင့် ကျွန်တော်၏ သူငယ်ချင်း မိတ်ဆွေများအား ကွဲပြား၊ ရှင်းလင်းစေရန်အတွက် အနည်းငယ် ရှင်းပြချင်ပါသည်။ ဖြစ်ပုံက ဒီလိုပါ . . .

ကျွန်တော်သည် ရေမရောသော မန္တလေးသားစစ်စစ်တစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ပိုင် ဘလော့တစ်ခု စတင်လုပ်မည်ဟု စိတ်ကူးသောအခါ ဘလော့အမည်ကို အရင်ဆုံး စဉ်းစားပါသည်။ မန္တလေးသား ဖြစ်သောကြောင့် မန္တလေးနှင့် ဆက်စပ်သော၊ သက်ဆိုင်သော အမည်များကို စဉ်းစား ရွေးချယ်ခဲ့ပါသည်။ ရွှေမန္တလေး၊ ရတနာပုံ၊ မန်းတောင်ရိပ် . . . စသဖြင့် စသဖြင့်။ သို့သော် ထိုအမည်များမှာ အများသူငှာ သုံးနေကျ အမည်များ ဖြစ်နေသောကြောင့် ထပ်မံစဉ်းစားပြန်ပါသည်။ မန္တလေးမြို့ရှိ သမိုင်းဝင် အထင်ကရ နေရာများကို စဉ်းစားကြည့်သောအခါ “အောင်ပင်လယ်” အမည်ကို စဉ်းစားမိပါသည်။ ကျွန်တော်လည်း ကြိုက်ပါသည်။ ထို့ကြောင့် ဤအမည်ကို ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။

အောင်ပင်လယ်ရွာသည် မန္တလေးမြို့၏ အရှေ့ဖက် အစွန်ဆုံးအရပ်တွင် တည်ရှိပါသည်။ (မန္တလေးနှင့် ရင်းနှီးသော၊ ပတ်သက်သောသူ အားလုံးနီးပါး အောင်ပင်လယ်ရွာကို သိကြမည် ထင်ပါသည်။) ရှမ်းပြည်နယ် လားရှိုး၊ ပြင်ဦးလွင် (မေမြို့) ဖက်မှ ဆင်းလာလျှင် မန္တလေးမြို့တွင်းသို့ မရောက်ခင် အောင်ပင်လယ်ရွာက ဆီးကြို၍ ခရီးဦးကြိုပြု ကြိုဆိုနေလေသည်။ ဤနေရာတွင် အောင်ပင်လယ်ရွာ နှင့် ပတ်သက်သော သမိုင်းဝင် အချက်အလက်များကို ကြုံတုန်းအနည်းငယ် ပြောပြချင်ပါသည်။ ရှေးမြန်မာဘုရင်များ (နန်းမြို့တွင် ထီးနန်းစိုက်သော ဘုရင်များ) လယ်ထွန်မင်္ဂလာဆင်းသောအခါ ဤအောင်ပင်လယ်ရွာ အရပ်တွင်ပင်ဖြစ်သည်။ ကနောင်မင်းသားကြီး ရေမြုပ်ဗုံး စမ်းသပ်ဖောက်ခွဲ သောအခါမှာလည်း ဤအောင်ပင်လယ်ရွာ အရပ်တွင်ပင်ဖြစ်သည်။ မန္တလေးမြို့၏ သမိုင်းဝင် နေရာများ အကြောင်းပြောလျှင် အောင်ပင်လယ်ရွာကို ချန်လှပ်ထား၍ မရနိုင်ပေ။ မည်သို့ပင် ဆိုစေကာမူ မန္တလေးသားဖြစ်သော ကျွန်တော်သည် ထိုအောင်ပင်လယ်ရွာ အမည်ကိုကြိုက်သည်။ ထို့ကြောင့် ကျွန်တော့်ဘလော့၏ အမည်သညာ ခေါ်စရာကား “အောင်ပင်လယ်” ဟူ၏။

တစ်လက်စထဲ ကျွန်တော်၏ လိုဂိုနှင့် ပတ်သက်၍လည်း ပြောပြချင်ပါသည်။ ကျွန်တော်၏ လိုဂိုမှာ ထောပတ်သီးကို ထက်ခြမ်းခြမ်းထားပြီး အစေ့နေရာတွင် တင်းနစ်ဘောလုံးကို ထည့်ထားသောပုံ ဖြစ်ပါသည်။ ကျွန်တော်သည် ထောပတ်သီး အလွန်ကြိုက်ပါသည်။ ဘယ်လောက်ထိ ကြိုက်သလဲ ဆိုလျှင် အသေရရ (စိစိညှက်ညှက်ခြေထားခြင်း)၊ ရေခဲစိမ်ရရ ကြိုက်ပါသည်။ တင်းနစ်သည်လည်း ကျွန်တော်ကြိုက်သော အားကစားထဲမှ တစ်ခုဖြစ်ပါသည်။ (အကြိုက်ဆုံး အားကစားမှာ ဘောလုံး Soccer ဖြစ်ပါသည်။) ထို့ကြောင့် အစေ့နေရာတွင် တင်းနစ်ဘောလုံးကို ထည့်ထားခြင်း ဖြစ်ပါသည်။ အမှန်အတိုင်း ၀န်ခံရလျှင် ထိုပုံသည် ကျွန်တော့်အကြိုက် အားလုံးကိုသိသော အချစ်ဆုံး သူငယ်ချင်း တစ်ယောက်မှ ပေးပို့သောပုံ ဖြစ်ပါသည်။ ထိုပုံကို လိုဂိုအနေဖြင့် ယူသုံးခြင်း ဖြစ်ပါသည်။

ဤမျှလောက်ဆိုလျှင် ကျွန်တော့်ဘလော့အမည်၊ လိုဂိုနှင့်ပတ်သက်၍ ရှင်းလင်းလောက်ပြီ ထင်ပါသည်။ အမည် အောင်ပင်လယ်နှင့် လိုဂို ထောပတ်သီးတို့ကိုလည်း ဆက်စပ်၍ မတွေးတော စေလိုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီပို့စ်လေးရေးဖြစ်အောင် သွယ်ဝိုက်သောနည်းလမ်းဖြင့် တွန်းအား ပေးခဲ့ကြသော ဘလော့ဂါ ဂျေ နှင့် Mr. Thinker တို့ကို အထူးကျေးဇူးတင်ရှိပါသည်။

Read More...

သံချောင်း အနုပညာ





Read More...