လောကချမ်းသာ ဓါတ်ပေါင်းစုစေတီတော်မြတ်ကြီး (ပ) ကြိမ် ဗုဒ္ဓပူဇနိယပွဲတော်


၂၀၀၈ ခု၊ မေလ ( ၂၅ ) ရက်၊ တနင်္ဂနွေနေ့တွင် နယူးဂျာစီမြို့၊ လောကချမ်းသာ ဓါတ်ပေါင်းစု စေတီတော်မြတ်ကြီး၌ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။





နံက် ( ၁၀း၁၅ ) နာရီတွင် သံဃာတော်အရှင်သူမြတ် အပါး (၄၀) အား ဆွမ်းဆန်စိမ်း လောင်းလှူကြပါသည်။ သံဃာတော်များက စေတီတော်ကြီးကို လက်ယာရစ်လှည့်ပတ်၍ ကြွချီတော်မူသည်ကို အလှူရှင်များက ဘေးဝဲယာ တစ်ဖက်တစ်ချက်မှနေ၍ မိမိတို့၏ လှူဘွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။

ထို့နောက် ကြွရောက်လာသော ဧည့်ပရိဿတ်များကို မိမိတို့ ကြိုက်နှစ်သက်ရာ စားသောက်ဖွယ်ရာများအား စိတ်တိုင်းကျ သုံးဆောင်နိုင်ရန် အလှူရှင်အသီးသီးမှ စုပေါင်းလှူဒါန်းထားသော စတုဒီသာမဏ္ဍပ်များတွင် အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေး ကြပါသည်။

နံက် ( ၁၁း၀၀ ) နာရီတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပါသည်။
စေတီတော်မြတ်ကြီး၏ တောင်ဖက်တွင် ဘုန်းကြီးကျောင်းအဖြစ် အသုံးပြုရန် လှူဒါန်းထားသော နှစ်ထပ်ကျောင်းဆောင်ကြီးတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပါသည်။

နေ့လည် ( ၁း၀၀ ) နာရီတွင် မင်နီဆိုးတားမှ ဆရာတော် “ဦးမဟောသဓ” က ဦးစွာပထမ ငါးပါးသီလခံယူ၍ နိဗ္ဗာန်ရောက်ကြောင်း တရားရေအေး အမြိုက်တေးကို ဟောကြားချီးမြှင့်တော်မူပါသည်။

ထို့နောက် အခမ်းအနားကို နေ့လည် ( ၃း၀၀ ) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

နယူးဂျာစီမြို့၊ မဟာစည် သတိပဌာန်ရိပ်သာကို ၁၉၉၅ ခု၊ ဇန်န၀ါရီလ ( ၁၆ ) ရက်နေ့တွင် ၀ယ်ယူခဲ့ပါသည်။ ( ၅ ) ဧကခန့် ကျယ်ဝန်းသော အေးဆေးတိတ်ဆိတ် သာယာလှပသည့် ထိုရိပ်သာဝင်းအတွင်း၌ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ လောကချမ်းသာ ဓါတ်ပေါင်းစု စေတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် ၁၉၉၇ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၂၀၀၆ ခု၊ ဧပြီလ ( ၃၀ ) ရက်နေ့တွင် ပထမအဆင့် ဌာပနာတော် သွင်းပွဲကိုလည်းကောင်း၊ စက်တင်ဘာလ ( ၂၇ ) ရက်နေ့တွင် ဒုတိယအဆင့် ဌာပနာတော်သွင်းပွဲကိုလည်းကောင်း၊ ၂၀၀၇ ခု၊ မေလ ( ၂၇ ) ရက်နေ့တွင် ရွှေထီးတော် တင်လှူပွဲကိုလည်းကောင်း စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ထီးတော်တင်လှူပြီးနောက် စေတီတော်ကြီး၏ ငှက်ပျောဖူး၊ ကြာမှောက်၊ ကြာလှန်၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ခြင်္သေ့ရုပ်တုထိုင်ခုံ စသည့် အဆင့်များ ပြုလုပ်ပြီးစီးခဲ့ပြီး စေတီတော်ကြီးမှာလည်း များစွာ ရုပ်လုံးပေါ်လာပြီ ဖြစ်ပါသည်။

သို့သော် စေတီတော် အချောသတ်ပြီးစီးရေး၊ ယောဂီ ကျောင်းဆောင် တည်ဆောက်ရေးနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် အလှူငွေများ များစွာလိုအပ်လျှက်ရှိနေသေးရာ သဒ္ဒါတတ်အား နည်းများမဆို တတ်အားသရွေ့ ပါဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

လှူဒါန်းလိုကြသူများသည် ဆရာတော် သံဃာတော်များထံ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း၊ ABBA အသင်း ငွေစာရင်းနံပါတ် သို့လည်းကောင်း လှူဒါန်းနိုင်ပါကြောင်း ထပ်မံအသိပေး နှိုးဆော်အပ်ပါသည်။

Direct Deposit Information
Routing # - 021000021
Account # - 695500758566 ( Business Money Market )
Account Name - America Burmese Buddhist Associatio, Inc
Address - 619 Bergen St, Brooklyn, NY 11238

အလှူငွေ လှူဒါန်းပြီးစီးပါက အလှူငွေဖြတ်ပိုင်း ပေးပို့ရန်အတွက် ဆရာတော်များထံ (သို့) အမှူဆောင် လူကြီးများထံသို့ အကြောင်းကြားပါရန် မေတ္တာရပ်ခံအပ်ပါသည်။

0 comments: